
လူရာဝင်ချင်ရင် စစ်အနိုင်တိုက်ကြ (အပိုင်း ၁)
ကိုအောင်မှိုင်း
(မိုးမခ) ဇွန် ၂ ၊ ၂၀၂၄
လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဖြစ်စဥ်တွေကို အဲဒီဖြစ်စဥ်တွေအတွင်းမှာရှိတဲ့ ရုပ် ဘဝတွေက အဓိက ပြဋ္ဌာန်းကြတာချည်း ဖြစ်ပါတယ်။
ဆိုလိုချင်တာက အတွင်းပဋိပက္ခတွေကသာ ကောင်းခြင်း၊ ဆိုးခြင်း ဆိုတဲ့ ပြောင်းလဲမှုဖြစ်စဥ်တွေကိုအဓိကမောင်းနှင်အားတခုအဖြစ် လှည့်ပြောင်းလေ့ရှိပါတယ်။ သေချာတာက ကျနော်တို့ လူ့ အဖွဲ့အစည်းအတွင်း တော်လှန်ရေးဆိုတဲ့ အပြောင်းအလဲဆိုတာကိုလည်း ရန်သူက ပြဋ္ဌာန်းပေး လိုက်တာလို့ ပြောရပါလိမ့်မယ်။ ဒါဟာ အတွင်းပဋိပက္ခပဲ ဖြစ်သလို လက်တွေ့ရုပ်ဘဝလည်း ဖြစ်ပါတယ်။
ဆိုလိုချင်တာက ကျနော်တို့ စိတ်ဆန္ဒက ဘယ်လောက်ပဲ ပြောင်းလဲချင်နေနေ ရုပ်ဘဝမှာ တည်ရှိနေတဲ့ အချက်အလက်တွေကပဲ အပြောင်းအလဲကို ဖြစ်စေတယ်ဆိုတာကို ကျနော်တို့ လေးနက်ဖို့ လိုပါတယ်။
ကျနော်တို့ အမြဲတစေ ချဥ်းကပ်သုံးသပ်လေ့ရှိတဲ့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်တည်နေတဲ့ ကောင်းခြင်းနဲ့ ဆိုးခြင်း ဆိုတဲ့ အခြင်းအရာနှစ်ခုကို ရှေးဥိးစွာ လေ့လာကြည့်ဖို့ လိုမှာဖြစ်ပါတယ်။ ဆိုလိုတာ က ပဋိပက္ခအကြောင်းပြောကြမယ်ဆိုရင် ဒီတရားနှစ်ပါးမှာ ပဋိပက္ခရဲ့ အနှံ့အပြားရှိမှုကို ထင်ထင်ရှားရှား တွေ့မြင်နိုင်လို့ ဖြစ်ပါတယ်။
ကိစ္စတခု ကောင်းတယ်လို့ ပြောတာ ဘာအဓိပ္ပာယ်ကို ရည်ညွန်းပါသလဲ။ ဆိုလိုတာက ဖော်ပြပါကိစ္စတခုလုံးကို ယေဘုယျကောင်းတယ်လို့ ပြောတာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကောင်းတယ်ဆိုတဲ့ ဖြစ်စဥ်ထဲမှာ မကောင်းဘူးဆိုတဲ့ အရာတွေလည်း တည်ရှိနေတယ်ဆိုတာကို မမေ့သင့်ပါဘူး။ အခြေအနေ အချိန်အခါ အချက်အလက် တခုခုကြောင့် ကောင်းတယ်ဆိုတဲ့ အကြောင်းအရာတွေက နည်းပါးလာပြီး မကောင်းဘူးဆိုတဲ့ အကြောင်းအရာတွေက များပြားလာမယ်ဆိုရင် အဲဒီဖြစ်စဥ်ကြီးတခုလုံးကို မကောင်းဘူးလို့ သတ်မှတ်ကြရပါတော့တယ်။
ကောင်းခြင်းနဲ့မကောင်းခြင်းဆိုတာ အချိန်မရွေးပြောင်းလဲနိုင်သလို အားသာတာတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ အားနည်းတာတွေ ဖွံ့ဖြိုးမှုမဖြစ်အောင် တားဆီးနိုင်မှုကသာ အားသာတယ်၊ ကောင်းတယ် ဆိုတာကို တည်မြဲအောင် ထိန်းထားနိုင်မယ်ဆိုတာ ရှင်းလင်းတဲ့ ဥပမာတခုလို့ ပြောနိုင်ပါတယ်။
ဆိုလိုတာက ကောင်းခြင်းနဲ့ ဆိုးခြင်းဟာ ဒီဖြစ်စဥ်အတွက်ဆိုရင် ပဋိပက္ခအခြင်းအရာများလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီဆန့်ကျင်ဘက်တရားတွေကပဲ ပဋိပက္ခကို ဖြစ်တည်စေခဲ့သလို ရုပ်သဘာဝတရားကို ဖန်တီးကြတာဆိုရင် မှားမယ် မထင်ပါ။
စစ်ပွဲတွေအတွင်း ထိုးစစ်နဲ့ ခံစစ်၊ အတက်နဲ့အဆုတ်၊ အနိုင်နဲ့ အရှုံးဆိုတာတွေအားလုံးဟာ ပဋိပက္ခတရားများဖြစ်သလို ဆန့်ကျင်ဘက်တရားတွေလည်း ဖြစ်ပါတယ်။ တခုမရှိရင် နောက်တခုလည်း မတည်ရှိနိုင်ပါဘူး။ စစ်ပွဲတိုင်းမှာ ဆန့်ကျင်ဘက်တရားတွေဖြစ်တဲ့ ထိုးစစ် ခံစစ်၊ အတက် အဆုတ်၊ အနိုင် အရှုံး၊ ဆိုတာတွေက စစ်ပွဲကြီးတခုလုံးကို ဖြစ်ပေါ်စေသလို စစ်ပွဲကို ဖြစ်ထွန်းတိုးတက်မှုဖြစ်အောင် တွန်းဆော်ပေးတာဖြစ်ပါတယ်။
ချုပ်ပြောရရင် စစ်ပွဲနဲ့ပတ်သက်တဲ့ပြဿနာတွေကို ဖြေရှင်းပေးတာလည်း ဖြစ်ပါတယ်။
ဆရာအိန်ဂယ်က ‘‘လှုပ်ရှားမှု ကိုယ်တိုင်ကပင် ပဋိပက္ခဖြစ်၏’’ လို့ ပြောခဲ့တာကိုလည်း မှတ်သားခဲ့မိပါတယ်။
ဆိုလိုချင်တာက ပဋိပက္ခတရား မရှိလျှင် ကမ္ဘာလောကသည်လည်း တည်ရှိတော့မည်မဟုတ်လို့ ဆိုလိုတဲ့သဘော ဖြစ်ပါတယ်။
ဓမ္မနဲ့ အဓမ္မ ဆိုတဲ့ တရားတွေကို သုံးသပ်တဲ့အခါ အဓမ္မကို မတိုက်ခိုက်ဘဲ ဓမ္မ မဖြစ်နိုင်ပေမဲ့ ဓမ္မ ဆိုတာ တည်ဆောက်ခြင်းကင်းရင် အဓမ္မ ဖြစ်သွားတတ်တာ ထင်ထင်ရှားရှား တွေ့ရလေ့ရှိပါတယ်။ ဒါက ပဋိပက္ခတရားရဲ့ ထူးခြားချက်လို့ ပြောရမယ် ထင်ပါတယ်။
ဓမ္မတို့ အဓမ္မတို့ကို ပြောင်းလဲစေဖို့ရာ တည်ဆောက်ခြင်းတို့၊ တိုက်ခိုက်ခြင်းတို့ ဆိုတဲ့ လှုပ်ရှားမှု လိုအပ်ပါတယ်။ အလိုအလျောက် ဓမ္မက အဓမ္မ မပြောင်းလဲနိုင်သလို အဓမ္မကလည်း ဓမ္မမဖြစ်နိုင်ဘူးဆိုတာ ရှင်းလင်းတဲ့ တွေးတောဆင်ခြင်မှုပဲ ဖြစ်ပါတယ်။
ကနေ့ ကျနော်တို့ တော်လှန်တိုက်ပွဲဝင်နေကြတာ အာဏာ Power ပြဿနာလို့ ဆိုချင်ပါတယ်။ ဝေ့ လည်ကြောင်ပတ်တွေ လျှောက်ပြောမနေကြဘဲ လိုရင်းပြောမယ်ဆိုရင် လူထုအာဏာပြဿနာလို့ ရှင်းရှင်းလင်းလင်း ဆိုချင်ပါတယ်။
အဓိက ပြောရမှာကတော့ တိုင်းပြည်အာဏာ ဘယ်သူ့လက်မှာ ရှိနေသလဲဆိုတာဟာ ကနေ့တော်လှန်ရေးရဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်။ စစ်တပ် စစ်အာဏာရှင် စနစ် စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ် ၃ စစ်လက်ထဲမှာ အာဏာရှိနေရင် ဒီအာဏာဟာ ဒီယန္တရားရဲ့ အဓိကဒေါက်တိုင်အဖြစ် ရပ်တည်လိမ့်မယ်။
ဆိုလိုချင်တာက အာဏာဟာ စစ် ၃ စစ်ကို အကျိုးပြုဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်။ဒါကြောင့် ကျနော်တို့က လူထုအာဏာထူထောင်ဖို့ တော်လှန်ရေးလုပ်ကြတာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ် သဘောတရားကို ထူထောင်တိုက်ပွဲဝင်နိုင်မှ လူထုကို အကျိုးပြုနိုင်ပါမယ်။
ကနေ့ အာဏာအကြောင်း ပြောတဲ့အခါ အများအားဖြင့် အာဏာအပျော့ soft power ၊ အာဏာအမာ hard power ဆိုတာနဲ့ အဓိက ခွဲခြမ်းစိတ်ဖြာလေ့ရှိပါတယ်။
ကျနော်တို့တင်ပြလိုတာက အာဏာအကြောင်းကိုသေချာသိဖို့က အာဏာဆိုတာသိပ္ပံနည်းကျ လက်တွေ့ဘဝတွေထဲက လေ့လာသင်ယူသင့်တဲ့ ဘာသာရပ်တခု ဖြစ်တယ်ဆိုတာကိုမမေ့လျော့သင့်ပါဘူး။
အာဏာ ဆိုတာဟာ သိပ္ပံပညာရပ်တခုအဖြစ် ရှုမြင်ဖို့ လိုတယ်လို့ မှတ်ယူသင့်ပါတယ်။ ဒီနေရာမှာ သိပ္ပံပညာ Science ဆိုတာကို ကျနော်တို့ ထဲထဲဝင်ဝင် တူးဆွကြည့်ကြရအောင်ဗျာ။ သိပ္ပံပညာနယ်ပယ်ဟာ အတော့်ကို ကျယ်ဝန်းသလို နက်ရှိုင်းပါတယ်။ စကြဝဠာကစပြီး မီးဖိုချောင်ထိအောင် ကျယ်ဝန်းပါတယ်။
သိပ္ပံပညာ (Science) ဆိုတာ ဇာစ်မြစ်အရ လက်တင် Latin စကား Scientia က ဆင်းသက်လာတာဖြစ်ပြီး သိဖွယ် (တနည်း) သိခြင်းလို့ အနက်ရတယ်လို့ တချို့က အနက်ဖွင့်ကြပါတယ်။
ကနေ့ လက်တွေ့သဘာဝအရ အဲဒီအဓိပ္ပာယ်လောက်နဲ့ မလုံလောက်တော့ပါဘူး။ မခြုံငုံမိတော့ပါဘူး။ ဆိုလိုတာက…….
အောက်စဖို့ဒ် အဘိဓာန် Oxford Dictionary မှာတော့ “သိပ္ပံပညာ” ဆိုတာကို ဒီလိုအဓိပ္ပာယ် ဖွင့်ဆိုထားတာ တွေ့ရတယ်။ “စူးစမ်းလေ့လာမှုနဲ့ လက်တွေ့ဆန်းစစ်ခြင်းက တဆင့် ရုပ်ပိုင်းဆိုင်ရာနဲ့ သဘာဝလောကကြီးရဲ့ ဖွဲ့စည်းပုံတွေ၊ ပြုမူလုပ်ဆောင်မှုတွေကို စနစ်တကျလေ့လာမှုတွေနဲ့ လွှမ်း ခြုံထားတဲ့ အသိပညာဆိုင်ရာနဲ့ လက်တွေ့လုပ်ဆောင်မှု” လို့ ဆိုပါတယ်။
အမေရိကန်မှာ ထင်ရှားတဲ့ Merriam Webster မှာတော့ “သိပ္ပံပညာ” ဆိုတာကို ဒီလိုအဓိပ္ပာယ်ဖွင့် ဆိုထားတာ တွေ့ရပါတယ်။ “အသိဉာဏ်ကင်းမဲ့ခြင်း (ဝါ) သဘောထားကွဲလွဲခြင်းမှ ခွဲခြားသိမြင် သော အသိပညာ”လို့ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ထားပြန်ပါတယ်။
စစ်အနိုင်တိုက်ချင်ရင် စစ်အနိုင်တိုက်နိုင်မယ့် အကြောင်းတရားတွေကို ကျိုးကြောင်းဆီလျော်စွာ ကျနော်တို့ လေ့လာဖို့ လိုပါတယ်။ အတ္တဘာဝနဲ့ ပကတိဘာဝကို အခိုင်အမာ ဆင်ခြင်နိုင်ဖို့ လိုပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်ပညာဆိုတာ သိပ္ပံပညာဖြစ်နေလို့ပါပဲ။
နောက်တပတ် ဆက်ပြောကြရအောင်ဗျာ။