
အီးယူကုန်သွယ်ရေးကော်မရှင်နာ Maros Sefcovic (ပုံ)ဟာ စည်းကြပ်ခွန်နဲ့ပတ်သက်ပြီးဆွေးနွေးဖို့ အမေရိကန်ကို သွားပါမယ်။ “စေ့စပ်ညှိနှိုင်းမှုမှာ ရလဒ်ကောင်းမဖြစ်ပေါ်လာဘူးဆိုရင် ရွေးချယ်စရာအားလုံး(လက်တုံ့ပြန်ရန်) စားပွဲပေါ်မှာ အရန်သင့်ရှိပါတယ်” လို့ ဥရောပကော်မရှင်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Olof Gill က ပြောကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြတယ်။
အီးယူကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန် က “အီးယူအနေနဲ့ အမေရိကန်ကုန်ပစ္စည်းများသာမက ဝန်ဆောင်မှုများကိုပါ လက်တုံ့ပြန်ရန် အဆင်သင့်ရှိကြောင်း၊ အီးယူဘက်က အမေရိကန်ကိုအထိနာစေမယ့် ခိုင်မာတဲ့လက်နက်ရှိကြောင်း၊ လက်ရှိအခြေအနေဟာ အမေရိကန်နဲ့အီးယူ ဆက်ဆံရေးရဲ့ အချိုးအကွေ့ဖြစ်ကြောင်း၊ နဂိုအခြေအနေမျိုးကို ပြန်ရဖို့မလွယ်တော့ကြောင်း၊ အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးဟာ(ဥရောပ-အမေရိကန်ဆက်ဆံရေး) ပြင်းထန်တဲ့ဒဏ်ရာရရှိသွားပြီဖြစ်ကြောင်း၊ ကုစားဖို့ခက်ခဲမယ်ဆိုတာကို ယုံကြည်မှုအကျပ်အတည်းက သက်သေခံနေကြောင်း” Financial Times သတင်းဌာနနဲ့တွေ့ဆုံစဥ် ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ ကုန်သွယ်ရေး အေဂျင်စီ ဒါရိုက်တာ Pamela Coke-Hamilton က “အမေရိကန်-တရုပ် ကုန်သွယ်ရေးစစ်ပွဲကြောင့် အဲဒီနှစ်နိုင်ငံအကြား ကုန်သွယ်မှု ၈၀% လျော့ကျမယ်၊ ကမ္ဘာ့ကုန်သွယ်ရေးဟာ ၇% အထိ ကျဆင်းနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ အသားတင်ထုတ်ကုန် ၀.၇% အထိ ကျဆင်းမယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အထိနာမယ်” လို့ သတိပေးပြောကြားလိုက်ပါတယ်။