
ဒေါ်နယ်ထရမ့်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် တရုတ်နိုင်ငံက ဘာကြောင့် အလျှော့မပေးတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ သူတို့မှာ အဲဒီလိုလုပ်စရာ အကြောင်းမရှိလို့ပါပဲ။
တရုတ်ခေါင်းဆောင်တွေကတော့ အနိုင်ကျင့်သူတစ်ယောက်ရဲ့ ဖိအားပေးမှုကို လိုက်လျောမှာမဟုတ်ဘူးလို့ ပြောကြပါလိမ့်မယ်။ ထရမ့်အစိုးရအဖွဲ့ကို သူတို့က “အနိုင်ကျင့်သူ” လို့ အကြိမ်ကြိမ် ခေါ်ခဲ့ကြတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေထက် ထရမ့်ရဲ့ ဖိအားကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည်လည်း ရှိပါတယ်။
အခွန်စစ်ပွဲမစခင်က တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုကို ကုန်ပစ္စည်းတွေ အများအပြား တင်ပို့ရောင်းချခဲ့ပေမယ့်၊ အဲဒါက သူတို့ရဲ့ GDP ရဲ့ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမဲ့လည်း ကွန်မြူနစ်ပါတီကတော့ အိမ်ခြံမြေအကျပ်အတည်း၊ ဒေသဆိုင်ရာ အကြွေးတွေ မတရားများပြားမှု၊ လူငယ်ထုရဲ့ အလုပ်လက်မဲ့ပြဿနာတွေနဲ့ နှစ်ပေါင်းများစွာ ရုန်းကန်နေရတဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းနေရချိန်ဖြစ်လို့ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲထဲ ပိတ်မိနေရတာကို သေချာပေါက် မလိုလားပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရက အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်တဲ့ အင်အားရှိတယ်လို့ သူ့ပြည်သူတွေကို ပြောထားပါတယ်။ အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကလည်း အမေရိကန်ကုန်စည်တင်ပို့သူတွေကိုပါဘထိခိုက်စေမယ်ဆိုတာ သူတို့သိပါတယ်။
ထရမ့်က သူ့ထောက်ခံသူတွေကို တရုတ်ကို အခွန်တွေနဲ့ ဖိအားပေးပြီး အလွယ်တကူ လက်နက်ချစေနိုင်တယ်လို့ ကြွားဝါခဲ့ပေမယ့်၊ ဒါက လုံးဝ မမှန်ကန်ကြောင်း သက်သေပြခဲ့ပါတယ်။ တရုတ်ကက လက်နက်ချ အရှုံးပေးမှာ မဟုတ်တာ သေချာနေပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင်ဖိန်က သောကြာနေ့က တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ကို တရုတ်နဲ့ ဥရောပသမဂ္ဂအနေနဲ့ ထရမ့်အစိုးရရဲ့ “တဖက်သတ် အနိုင်ကျင့်တဲ့ လုပ်ရပ်တွေ” ကို ပူးပေါင်းခုခံသင့်တယ်လို့ ပြောခဲ့ပါတယ်။ ဆန်းချက်ဇ်ကလည်း တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှုတွေက ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေသင့်ဘူးလို့ ပြောခဲ့ပါတယ်။
သူတို့တွေ့ဆုံမှုက ဘေဂျင်းမှာ ဖြစ်ခဲ့ပြီး အဲဒီအချိန်မှာ တရုတ်က အမေရိကန်ကုန်စည်တွေအပေါ် အခွန်တွေ ထပ်မံတိုးမြှင့်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ နောက်ထပ်အခွန်တိုးမြှင့်မှုတွေကို တုံ့ပြန်မှာ မဟုတ်ဘူးလို့ သူတို့က ပြောထားပါတယ်။
လာမယ့်အပတ်မှာ ရှီကျင်ဖိန်က မလေးရှား၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားကို သွားရောက်လည်ပတ်မှာပါ။ ဒီနိုင်ငံတွေအားလုံးဟာ ထရမ့်ရဲ့ အခွန်တွေကြောင့် ထိခိုက်ခံစားရတဲ့ နိုင်ငံတွေပါ။ သူ့ရဲ့ဝန်ကြီးတွေကလည်း တောင်အာဖရိက၊ ဆော်ဒီအာရေဗျနဲ့ အိန္ဒိယက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့ ဆွေးနွေးနေပါတယ်။
ဒါ့အပြင် တရုတ်နဲ့ ဥရောပသမဂ္ဂဟာ တရုတ်ကားတွေအပေါ် ဥရောပရဲ့ အခွန်တွေကို ဖယ်ရှားပြီး အနိမ့်ဆုံးဈေးနှုန်းတစ်ခုနဲ့ အစားထိုးဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အကျဉ်းပြောရရင်၊ ဘယ်နေရာကို ကြည့်ကြည့် တရုတ်မှာ ရွေးချယ်စရာတွေ ရှိနေတာကို တွေ့ရပါတယ်။ လေ့လာသူတွေကလည်း ဒီစူပါပါဝါနှစ်ခုရဲ့ အပြန်အလှန် အခွန်တိုးမြှင့်မှုတွေဟာ အခုဆို သူတို့အကြား ကုန်သွယ်ရေးရဲ့ အများစုကို ဖြတ်တောက်ပြီးသား ဖြစ်နေလို့ ကုန်သွယ်မှုဟာ အဓိပ္ပာယ်မရှိတော့ဘူးလို့ ပြောပါတယ်။
ဒါကြောင့် အပြန်အလှန် အခွန်တိုးမြှင့်မှုတွေဟာ အခုဆို သင်္ကေတတစ်ခုလိုပဲ ဖြစ်လာတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဥက္ကဋ္ဌမော်စီတုံးရဲ့ ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါတယ်။ အဲဒီမှာ ကိုရီးယားစစ်ပွဲအတွင်း ဥက္ကဋ္ဌမော်က အမေရိကန်ကို “ဒီစစ်ပွဲ ဘယ်လောက်ကြာကြာ ကျွန်တော်တို့ ဘယ်တော့မှ လက်နက်မချဘူး” လို့ ပြောခဲ့တဲ့ ဗီဒီယိုတစ်ခုလည်း ပါဝင်ပါတယ်။
အဲဒီအပေါ်မှာ မော်နင်းက သူ့ရဲ့ ကိုယ်ပိုင်မှတ်ချက်တစ်ခု ရေးခဲ့ပါတယ်။ အဲဒါက “ကျွန်တော်တို့ဟာ တရုတ်လူမျိုးတွေပါ။ ကျွန်တော်တို့ဟာ ရန်စလာတာတွေကို မကြောက်ပါဘူး။ ကျွန်တော်တို့ ဘယ်တော့မှလည်း ကြောက်ပြီးဘနောက်ဆုတ်မှာ မဟုတ်ပါဘူး” တဲ့။
တရုတ်အစိုးရအနေနဲ့ ဥက္ကဋ္ဌမော်ကို ထုတ်သုံးလာပြီဆိုရင် သူတို့ဟာ တကယ်လေးနက်လာပြီဆိုတာ သိသာပါတယ်။
BBC သတင်းပါ။
ဗန်းမော်သိန်းဖေ
၁၂-၄-၂၀၂၅