

ကရင်နီ၊ ဧပြီ ၁၁
စစ်ကောင်စီအနေဖြင့် စစ်မဲ့ဇုန်ဖြစ်သည့် ကယန်းပြည်သူများနေထိုင်ရာကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကယန်းအမျိုးသား စာပေယဥ်ကျေးမှု ဝိသေသ လက္ခဏာအမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုများကို တိုက်ခိုက်ခြင်းမျိုး ထပ်မံ ကျူးလွန်ပါက နောက်ဆက်တွဲ အကျိုးဆက်များကို တာဝန်ခံမည် မဟုတ်ကြောင်း ကယန်းပြည်စစ်ပါတီက ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကောင်စီသည် ငလျင်ဘေးဒဏ်ကို အကြောင်းပြု၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ကယန်းအမျိုးသားတို့၏ နေ့ထူးနေ့မြတ် အခမ်းအနားကျင်းပရာ အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည့်အပြင် တိုင်းရင်းသားလူနည်းစုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
သိကျိတ်ကျေးရွာသည် ကယန်းပြည်သစ်ပါတီ ဗဟိုစည်းဧရိယာ ဖြစ်သည့်အားလျော်စွာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲစဥ်က သဘောတူညီချက်များကို ချိုးဖောက်သည့်အပြင် စစ်ကောင်စီသည် ထုတ်ပြန်ထားသည့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲကြောင်း သဘောထားကို ကိုယ်တိုင်ချိူးဖောက်ခြင်းဖြစ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီသည် (၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ကျင်းပသည့် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို ဧပြီလ ၁၀ ရက်နေ့(ကယန်းအမျိုးသားနေ့)တွင် လေကြောင်းဖြင့် ပေါင် (၂၀၀)ဗုံးကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သိကျိတ်ကျေးရွာရှိ နေအိမ် (၁)လုံးပျက်စီးပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ကယန်းအမျိုးသားနေ့ငွေရတု အခမ်းအနားကို သိကျိတ်ကျေးရွာတွင် ကယန်းကျေးရွာပေါင်း (၁၀၀)ကျော်က လူဦးရေ (၁၀၀၀)နီးပါး တက်ရောက်ခဲ့ကြသည်။
Credit : KPV News